Thursday, August 15, 2013

                 မင်းလူ

အဖြူအထက်အောက်နဲ့ကျနော်တို့ဆုံနေကြ
မှန်စီရွှေချဘုရားလေးရဲ့ရင်ပြင်မှာ
ဟောဒီဗမာပြည်ကြီးရဲ့
နီရဲနေတဲ့သမိုင်းတချပ်
ကိုမင်းလူဖြည့်ကဎ်ကဗျည်းထိုးခဲ့တယ်



August 15, 2013

Saturday, September 8, 2012

ဒဏ်ရာနဲ့အိပ်စက်သောည

တယောက်ထဲပါ၊အချစ်ရယ်
တကယ်ဆိုဟောဒီညတခုကို
အားပြုပြီးရုန်းထဖို့ပြင်တုန်း
ပြုံးကြည့်တဲ့လမင်းက
အသာယာဆွဲထူပေးတဲ့အခိုက်
မိုက်ကနဲမိုက်ကနဲ
ဟစ်တလာနဲ့လည်းလက်ဆွဲနှုတ်ဆက်လိုက်
မီးလောင်တိုက်ထဲကဖုရားသခင်ကို
မီးတွေဖြိုပြီးကယ်ဖို့ကြိုးစားလိုက်
နယူးရောက်ရဲ့မြေတိုက်တခုထဲမှာ
ငါဟာဒဏ်ရာကိုအသာလျှာနဲ့သပ်ရင်း
ဆာလောင်မွတ်သိပ်စွာအဲဒီညကိုယောင်ရမ်းသီဆိုနေမိတယ်...

ညရယ်၊လမင်းရယ်
ငါရယ်မင်းရယ်
ပုလင်းဖြူထဲက Caribbean"ရမ်"တွေရယ်
နှစ်ဦးလုံးမသိခြင်ယောင်ဆောင်
ဖုံးဖိထားတဲ့ရင်ခုန်သံတွေက
ခတ်ဖော့ဖော့ရယ်ကြ၊ကြည်နူးရတဲ့ည
ကြယ်စင်တွေကပြုံးကြည့်
မဖက်မိအောင်ကြိုးစားကြရင်း
ဟန်ဆောင်အိပ်စက်ခြင်းတွေက
အတူမရှိတော့မဲ့ညတွေအတွက်
နှစ်ယောက်လုံး ခရီးကြိုပြင်ဆင်ရင်း
မင်းရယ်ကိုယ်ရယ်အဲဒီညကို
လေးလေးနက်နက်ဖက်တွယ်ခဲ့ လိုက်ကြတာ
နှစ်ယောက်အတူည၊သိပ်လှတဲ့လမင်းနဲ့
ချစ်ခြင်းတွေဟာဒို့အခန်းလေးထဲမှာ
တောက်ပမြူးကြွနေလိုက်တာများ
ငါနဲ့မင်းရဲ့စိတ်ချလုံခြုံမှူဟာ
အာရုဏ်လာတဲ့အထိ၊အသိထဲကညကို
ခွဲခွါမဲ့နေ့ခင်းတခုထဲ
အောင်မြင်စွာဘဲဖွက်ထားနိုင်ခဲ့တယ်
Sep 8,2012
3:31 AM

Tuesday, November 15, 2011

ပင်လုံလမ်း

ဒီလထဲမှာတော့ ထိုင်းရော မြန်မာမှာပါ ရေကြီးပြီး လူအများ နေစရာ စားစရာမရှိဘူး…။ ကိုယ့် လူမျိုးအချင်းချင်း လက်နက်အားကိုးနဲ့ လူသတ်၊ မုဒိန်းကျင့်ပြီး မြန်မာစစ်သည်တော်ကြီးတွေက ကချင်ပြည်နယ်မှာ စစ်သွားခင်းကြတယ်။ အသက်အန္တရာယ် လွယ်ပြီး တိုင်းတပါးမှာ လက်လုပ်လက်စားလုပ်တဲ့ မြန်မာပြည်သားတွေ ရေဘေးဒုက္ခကြောင့် တိုင်းပြည်ပြန်တာကို ကျီးလို လင်းတလို တိရိစ္ဆာန်စိတ် ရှိသူတွေက တဖက်သား အားနည်းဒုက္ခ ရောက်တာနဲ့ ထိုးသုတ် လုယက်ကြတယ်။ မကောင်းသတင်းတွေ အားကြီးပါတယ်။ ကောင်းသတင်း တချို့အားရှိအောင် ပြန်ဝေမျှပေးပရစေ…။

ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရေဘေးကြောင့် အလုပ်မဲ့ ပြည်တော်ပြန်ခရီးမှာ အခြားလူပုဂ္ဂိုလ် အဖွဲ့အစည်းတွေလို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အကူအညီပေးခဲ့တယ်။ အရင် စစ်သားသီးသန့် အစိုးရတုန်းကဆို မြန်မာလူမျိုးတွေ ယိုးဒယားမှာ ဒုက္ခတွေ့တယ်ဆိုရင် သူတို့ကြောင့် တိုင်းပြည်အပြင်မှာ ဒုက္ခဖြစ်ရတာလည်းသိ၊ ဘာမှလည်း မပြောင်းလဲပေးနိုင်တော့ ဒီဒုက္ခသည်တွေကိုပဲ သွား မဲ ရမ်းကားပါတယ်။

အခု ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက အရင်စစ်တပ်အစိုးရထက် သာလာပါပြီ။ အရင်စစ်တပ်အစိုးရလို အတင်း မျက်လုံးစုံမှိတ်ပြီး မသိချင်ယောင်ဆောင်တာမျိုး မလုပ်တဲ့အပြင် ပြည်သူတွေရဲ့ လခစားရင် ပြည်သူတွေကို တတ်အားသ၍ ပြန်ကူညီရမယ်ဆိုတာ သိလာပါတယ်။

နောက်ထပ် မင်္ဂလာသတင်းကတော့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခုတက်လာတဲ့ အရပ်သားပါဝင်တဲ့ အစိုးရသစ်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ကို ပြင်ဆင်လိုက်တာရှိပေမယ့်လည်း ပြီးပြည့်စုံတဲ့ ပြင်ဆင်မှုတွေ မရှိသေးတဲ့အတွက် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ အစီအစဉ်မရှိသလို ပါတီခေါင်းဆောင်တွေလည်း ထောင်တွင်း အကျဉ်းချ ခံနေရတဲ့အတွက် ပါတီမှတ်ပုံတင်ဖို့ အဆင်သင့်မဖြစ်သေးဘူး လို့ ပြောပါတယ်။ ကျနော်တို့ ဥက္ကဋ္ဌ၊ အတွင်းရေးမှုးနဲ့ တခြား စီအီးစီတွေကို အကုန်လုံးပြန်လွှတ်ပေးပြီးတော့မှ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ဖော်ဆောင်နိုင်မယ့် အနေအထား၊ ဥပမာ ကျောင်းသားတွေလည်း အကုန်လွှတ်ပြီ… ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားလည်း မရှိတော့ဘူး… ပြီးပြည့်စုံတာမဟုတ်တောင်မှ ပြင်သင့်ပြင်ထိုက်တဲ့ အခြေခံဥပဒေတွေကို ထပ်မံပြီးတော့ ပြင်ပေးတယ်ဆိုရင်တော့ ကျနော်တို့ စဉ်းစားမှာပါလို့ ပြောတယ်၊

ကျနော် အရမ်းပီတိဖြစ်ပြီး တိုင်းပြည်အတွက် အားအင်တွေရခဲ့ပါတယ်။ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ ထက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အဖွဲ့ချုပ်ရဲ့ ပါတီမှတ်ပုံတင်ရေး မတင်ရေးကို သူတို့ အကြံမပေးလိုပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်ကာစက နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတွေကို ဆက်လက်ဖော်ဆောင်မယ် လို့ ယုံကြည်ကြောင်း ပြောဆိုသွားပါတယ်၊

ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲချုပ်ရဲ့ ပြည်ထောင်စုစိတ်ဓါတ်ဟာ ကျနော့ရဲ့ပြည်ထောင်စုရေးအပေါ် စိုးရိမ်ကြောင့်ကျမှုတွေနဲ့ ပြောင်းပြန်ဖြစ်သွားပြီး အားအင်တွေ ရခဲ့ပါတယ်၊ ကျနော် ဆယ်ကျော်သက် အရွယ်ကထဲက စိုးရိမ်မှုတခု ရှိတယ်၊ ဘာလဲဆိုတော့ ဦးနေဝင်းစစ်တပ်ကြီး ကလည်း ဗမာ့တပ်မတော်လုပ်… ငါတို့ကလည်း ပြည်မမှာ နေကြတော့ ဗမာတွေဖြစ်… ဒါကို တိုင်းရင်းသားတွေက အဖိနှိပ်ခံခြင်းအတူတူ သွေးကွဲပြီး တချိန်ကျရင် ဒီမိုကရေစီရေးအတွက် အတူလက်မတွဲတော့ရင် ဒုက္ခပဲ… လို့ အမြဲ စိုးရိမ်တတ်ပါတယ်…။ စိုးရိမ်စိတ် တကယ်ဝင်အောင်လည်း ရှစ်ဆယ့်ရှစ် အရေး တော်ပုံနောက်ပိုင်း ကျနော်တို့ ပြည်မမှာ ကြီးပြင်းတဲ့ လူငယ်တွေက တိုင်းရင်းသား လက်နက်ကိုင်ရော၊ လက်နက်မကိုင်တဲ့ တိုင်းရင်းသားရော အဖွဲ့အစည်းမျိုးစုံနဲ့ အတူ သူတို့နယ်မြေ နဲ့ အဲဒီမှာနေတဲ့ ပြည်သူတွေရဲ့ ထောင်းထောင်းကျေ ဘဝတွေကို တွေ့ ထိ သိနားလည်လိုက်ရပါတယ်။

ကျနော် ထောင့်ကိုးရာရှစ်ဆယ့်ကိုး မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်ရင်းက ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းခဲ့တဲ့ ပင်လုံစာချုပ်နဲ့ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးဟာ တိုင်းပြည် လွတ်မြောက် တိုးတက်ရေးအတွတ် အရေးကြီးကဏ္ဍဖြစ်တယ်ဆိုတာ ပထမဆုံးအကြိမ် တွေ့ထိ သတိထားမိတဲ့ အစည်းအဝေးကတော့ တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ရဲ့ခြံဝင်းထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖွဲ့ ချုပ်နဲ့ တပ်ပေါင်းစုရေး သွားဆွေးနွေးတုံးကပါပဲ…။

အစည်းအဝေးက ဘာမှမဖြစ် ဘာမှ အကောင်ထည်မပေါ်ခဲ့ပါဘူး…။ လာတက်ရောက်တဲ့ လူတွေထဲက ကျနော်မှတ်မိတဲ့သူတချို့ကတော့ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုက တော်ဖုရားလေး ဦးအောင်ဇေ၊ ပြည်သူ့တိုးတက်ရေးပါတီက ဦးခင်မောင်မြင့်၊ လေ့လာသူအနေနဲ့ ဥက္ကဌ ကိုမင်းကိုနိုင် နဲ့ ဘိုဘို၊ ကျနော်တို့ဆီက အခုထိ အကျဉ်းကျခံနေဆဲ ဂျင်မီ နဲ့ ထောင်ထဲမှာ စုစုပေါင်း အနှစ်နှစ်ဆယ်နည်းပါး နေလိုက်ရတဲ့ လက်ရှိ ထိုင်း မြန်မာနယ်စပ် အခြေခံလူ့ဘောင်သစ်ပါတီ အတွင်းရေးမှူး ကိုငွေလင်း၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးသာဘန်း၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုဆလိုင်းလျှန်မုန်း၊ အိမ်ရှင်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကာနယ်ချစ်ခိုင်… သူတို့ကိုတော့ ရင်းနှီးကျွမ်းဝင်နေတော့ မှတ်မိလိုက်ပါတယ်။

အစည်းအဝေး အဆင်အပြင်က ဆယ်ကျော်သက်ဖြစ်တဲ့ ကျနော့ အနေနဲ့တော့ ရီချင်စရာကောင်းလို့ ပြုံးမိပါတယ်။ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကထဲက ပါဝင်ခဲ့တဲ့ သမိုင်းဝင် နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေအနေနဲ့တော့ စိတ်မချမ်းမြေ့စရာပါပဲ…။ အဲဒီ အစည်းအဝေးရဲ့ အဆင်အပြင်ကို ကျနော် မိတ်ဆက်ပြပါမယ်…။

ဦးချစ်ခိုင်က အချိန်နဲနဲနောက်ကျပြီးမှ နာရီကြည့်ရင်း ဝင်လာပြီး ကျနော်တို့ စတော့မယ်… ဒီနေ့ တခြားခေါင်းဆောင်တွေ မ တက်လို့ ခင်ဗျားတို့ ပြောစရာရှိတာ အားလုံးပြောခဲ့ပါ။ ကျနော်တို့ အသံဖမ်းထားပြီး ဗဟိုကော်မတီက ပြန်နားထောင်ပါ့မယ်ဆိုပြီး ကက်ဆက်အမဲကြီး တစ်လုံးကို ဓါတ်ကြိုးတွေသွယ်ပြီး အားလုံး မျက်နှာမူထားတဲ့ သဘာပတိနေရာမှာ ခုံတလုံး ချပြီး တင်ထားပေးပါတယ်။

စစ်တပ်အာဏာသိမ်းခံရပြီး အကွဲကွဲ အပြန့်ပြန့်ဖြစ်နေတဲ့ အင်အားတွေ ကြီးမားသွားအောင် စုစည်း ကြမယ်ဆိုတဲ့ နိုင်ငံရေး အမျှော်မြင်ရှိ ခေါင်းဆောင်တွေလည်း ကျွဲမြီးတိုကြ တော့ ဆွေးနွေးတာထက် ဝေဖန်တာပဲ လုပ်နိုင်တော့ပါတယ်။ ဥက္ကဌ မင်းကိုနိုင်တောင်မှ ဝင်ပြောရင် ဦးချစ်ခိုင်က လေ့လာသူဖြစ်လို့ ပေးမပြောဘူးဆို ကန့်ကွက်ပါသေးတယ်…။ ဟိုကလည်း တခြားအများစု ထောက်ခံမှုနဲ့ အတင်းဝင်ပြီး ဝေဖန်သွားပါသေးတယ်။ ဖြစ်ချင်တော့ ဦးချစ်ခိုင်က အရေးထဲ အရာပေါ် စကားမှားပါသေးတယ်…။ သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် ပြောတာလား မေ့ပြီလားတော့ ကျနော် မပြောတတ်ပါ။

သူ ပြောတာက "ခင်ဗျားတို့ စစ်တပ်ကိုပဲ အပြစ်တင်မနေနဲ့… ခင်ဗျားတို့ ပြည်သူတွေဖက်ကလည်း ခေါင်းဖြတ်တာတွေ ရှိတာပဲ…” ဆို ဒေါသနဲ့ ပြောပါတယ်၊၊ သူ ပြောတာကို မခံနိုင် မရပ်နိုင်ဖြစ်ပြီး အားလုံးပြန်ပြောကြတဲ့ အထဲမှာ ပြည်သူ့တိုးတက်ရေးပါတီက ဦးခင်မောင်မြင့်ရဲ့ ရှင်းပြပုံကို ကျနော် သဘောကျပါတယ်…။ သူကလည်း ဒေါနဲ့ မာန်နဲ့ ပြည်သူတွေ ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒပြတာကို လာဖျက်ဆီးတဲ့လူတွေ ခေါင်းဖြတ်တာတင်မကဘူး… သူက ခဏရပ်ထားပါတယ်... ကျနော်တို့လည်း သူ ဘာထပ်ပြောမလည်း စဉ်းစားပါတယ်…။ ပြီးမှ သူက ခြေထောက်တောင်ဖြတ်ပြစ်ဖို့ ကောင်းတယ် လို့ ဆက်ပြောပါတယ်။ ကျနော်တို့မှာ ငိုအားထက် ရယ်အားသန်…။

ဒါ ကျနော်တို့ တိုင်းပြည်ရဲ့ပြည်ထောင်စုရေးနဲ့ တပ်ပေါင်းစု အမျိုးသားသွေးစည်းညီညွတ်ရေး သမိုင်းထဲက တစိတ်တဒေသပေါ့ဗျာ…။ အဲဒီထဲမှာကျနော့် နှလုံးသားကိုဖောက်ဝင်တဲ့ စကားကတော့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့က ကိုလျှံမုန်း ပြောခဲ့တာပါ။

သူက"ခင်ဗျားတို့ သတိထားရမှာက ခင်ဗျားတို့ အန်အယ်ဒီ မပြောနဲ့၊ ဗိုလ်ချုပ်အောင်ဆန်းတောင် သူတယောက်ထဲ လွတ်လပ်ရေးရအောင် မလုပ်နိုင်ဖူးဆိုတာ မြဲမြဲနားလည်ထားပါ...” တဲ့…။ ကျနော်တို့ လက်ခုပ်သံတွေက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းခဲ့ပါတယ်။ ကိုလျှံမုန်းဟာ ကျနော် ယဉ်ပါးနေပြီး သတိမထားမိတဲ့ အစိတ်အပိုင်းတခုကို လက်ထဲ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်သွားတာပါ။ ဒါကတော့ ကျနော်တို့ရဲ့လွတ်လပ်ရေးနဲ့ ပင်လုံစာချုပ်ပါ။

အဲဒီ အစည်းအဝေး နောက်ပိုင်း(အဲဒီနေ့ အဖွဲ့ချုပ်က မှတ်တမ်းလိုက်မှတ်ပေးတဲ့ ကျောင်းသူအမျိုးသမီးငယ်တွေ အပါအဝင်) ကျနော်တို့ အားလုံးနီးပါး စစ်အစိုးရဆန့်ကျင်ရေးကို ကျရာတာဝန်နဲ့ လှုပ်ရှားကြရင်း ထောင်ထဲမှာ နှစ်ရှည်အချိန်ပေးခဲ့ကြရပါတယ်။ ကိုလျှံမုန်းတယောက်ပဲ တောခိုသွားနိုင်တယ်လို့ ကျနော်တို့နဲ့ အတူ ထောင်ကျလာတဲ့ ဓနုအမျိုးသား ပါတီနာယက ကဗျာဆရာ မောင်လင်းယုန်(ရှမ်းပြည်) ပြောလို့ ဝမ်းသာခဲ့ပါတယ်။

သူပြောပြလို့ သိလိုက်ရတာ ကိုဆလိုင်းလျှံမုန်းကို ခင်ညွန့်ထောက်လှမ်းရေးက လာခေါ်ပြီး တစ်ကိုးဆယ်ကို အခု လက်မှတ်ထိုးမလား… ယူအန်အယ်ဒီ ဖျက်သိမ်းရမလား… အကျပ်ကိုင်လို့ လက်မှတ်ထိုးပေးပြီး ချုံးပွဲချငိုကြွေးရင်း တိုင်းပြည်ကို စွန့်ခွာသွားတယ်လို့ ကြားလိုက်ရပါတယ်။

အဲဒီလို ထောင်ထဲမရောက်ကျခင် အားလုံး ရင်ဆိုင်ရတဲ့ ပြဿနာက ထောင့်ကိုးရာကိုးဆယ် ရွေးကောက်ပွဲကျင်းပတော့ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအောက်မှာ နေအိမ်အကျယ်ချုပ် ကျနေပါပြီ။

ကျနော်တို့ တိုင်းပြည်အတွက် ရဲရဲရင့်ရင့် မြေပေါ်နိုင်ငံရေးမှာ တိုက်ပွဲဝင်ချင်သူတွေ၊ အဖွဲ့အစည်းတွေက အမျိုးသားဒီမိုကရေစီအဖွဲ့နဲ့ ညှိနှိုင်းဖို့ နေနေသာသာ သူတို့ အဖွဲ့အစည်းထဲမှာတင် အစဉ်လာရှိတဲ့ လူထု ထောက်ခံတဲ့ ခေါင်းဆောင် တချို့ဟာ ညှိနှိုင်းမရပဲ ဦးချစ်ခိုင်နဲ့ စစ်မှုထမ်းဟောင်းတွေ ဦးစီးပြီး မေမြို့မှာ မူဆလင်ကုလားတွေကို ငွေနဲ့ အမတ်နေရာ ရောင်းစားခဲ့တယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုပြီး ခေါင်းပေါင်းနဲ့ ကုလားကြီး တွေက ခမောက်မဲပုံးကို ပိုင်းပြီး မဲရုံမှာ တရုန်းရုန်း…။ မေမြို့ မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူတွေက အမတ်ဝင်ရွေးဖို့ တချို့မဟာမိတ်တွေကို ကမ်းလှမ်းပါတယ်။ နောက်ဆုံး အခု မြန်မာပြည်ထဲ ပြန်ရောက်နေတဲ့ ဦးပီတာလင်းပင်က သဘောတူတဲ့အခါမှ မေမြို့အန်အယ်ဒီကနေပြီး ဒါ တကယ့် အဖွဲ့ချုပ် အမတ်ပါ… ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲပုံးအမှတ် တံဆိပ်က စာအုပ်ပါ… ဟိုဘက်က အဖွဲ့ချုပ် အထိမ်းအမှတ် ခမောက်နဲ့ ခမောက်မဲပုံးဟာ မူဆလင်တွေပါ… ရှင်တို့ မေမြို့ တခုလုံး ကုလားပလီတွေ ဖြစ်သွားမယ်ဆိုပြီး မဲပြန်ဆွယ်ခဲ့ရတာပါ။

အလားတူ ပြဿနာတွေ မွန်ပြည်နယ်မှာဆို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုပြီး လွှတ်တော်အမတ် ဝင်ခွင့်ရှိတဲ့ မူဆလင်ပါတီက မူဆလင်ကုလားက မွန်အမျိုးသားဒီမိုကရေဆီအဖွဲ့ကို ရှုံးတဲ့ အခါကျ တရားတောင် ပြန်စွဲလိုက်သေးပါတယ်။ ပြည်မြို့မှာဆို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးချစ်ခိုင်တို့ ချပေးတဲ့ လူနဲ့ ပြည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နှစ်ခုကွဲလို့ အာဏာရှင်ဟောင်း တဆညပါတီက အနိုင်ရသွားပါတယ်။ ဒီကိစ္စတွေဟာ ကိုယ့်အချဉ်းချင်း တန်ဖိုးမထားတဲ့ တပ်ပေါင်းစုကို တန်ဖိုးမထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်လုံစာချုပ် အနှစ်သာရကို အကောင်ထည်ဖော်ဖို့ မကြိုးစားပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါတ်ပုံတွေပဲ သုံးတာများသွားတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

ထောင့်ကိုးရာရှစ်ဆယ့်ရှစ် နောက်ပိုင်း ကျနော်တို့အတွက် အကျိုးအမြတ်တခုကတော့ ကျနော်တို့ တိုင်းပြည်မှာ လူမျိုးရေးစစ်ပွဲကို ငြိမ်းသတ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးစစ်ပွဲအဖြစ် ဝိုင်းဝန်းပြောင်းလဲ ပေးလိုက်နိုင်တာပါပဲ…။ ဒီလိုလူမျိုးစုတွေနဲ့ ပြည်မအကြား နားလည် စည်းရုံးမှု တခု တည်ဆောက်ယူနိုင်ခဲ့ အောင်လည်း အထူးသဖြင့် ရှစ်ဆယ့်ရှစ် မျိုးဆက် လူငယ်တွေက တိုင်းရင်းသားဒေသတွေမှာ အသက်စွန့်ပြီး အတူ တိုက်ပွဲဝင်ခဲ့ ပါတယ်။ နောက်တကြောင်းက ကိုးဆယ်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထိုင်းမြန်မာနယ်စပ်မှာ လာရောက် ပူးပေါင်းပါဝင်မှုတွေကလည်း လူမျိုးစုနဲ့ ပြည်မအကြား နားလည်ရင်းနှီးမှုတွေ ပိုမိုတည်ဆောက်ပေးနိုင်ခဲ့ပါတယ်။

ဒီနေ့အခါမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေက (ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားတွေနဲ့) နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တိုင်းပြည်ရဲ့ အဓိက လိုအပ်ချက်အဖြစ် မီးမောင်းထိုးပြခဲ့ပါတယ်။ ဒါဟာ ကျနော်တို့တိုင်းပြည်မှာ ပင်လုံစိတ်ဓါတ် ဆက်လက်ရှင်သန်နေတာဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းတိုးတက်ရေးအတွက် အကျဉ်းသားလွတ်မြောက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ ပထမဦးဆုံးဖြေရှင်းရမယ့် ပြဿနာဖြစ်ကြောင်းကို နွေးထွေးစွာကြိုဆိုထောက်ခံရင်း ကျနော်တို့ရဲ့ ပြည်သူတွေ၊ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်အတွင်း/အပြင်က မျိုးချစ်ပြည်ချစ်များ ပူးပေါင်းဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုခဲ့ပါတယ်…။

Monday, October 17, 2011

သတိ


ကမ်းတွေက တဖြေးဖြေး
ဝေးလွင့် မျောပါသွားတဲ့အခါကျ
ငါတို့က ဇင်ယော်တွေလိုပဲ
မစဲတမ်း ရိုင်းနေတဲ့ လှိုင်းပေါ်
အတော်နေသားကျနေကြပါပြီ

သံဓါတ်နည်းတယ်ထင်တဲ့အခါ
သံတိုင်မှာရှိတဲ့ သံချေး တချို့
ခွါစားခဲ့ဖူးလို့...
အသားဓါတ်နည်းတယ်ထင်တဲ့အချိန်
မိလ္လာချောင်မှာ လာချောင်းတဲ့
ကြွက်ဖလောင်းလေးတွေပါ
အခန်းထဲမှာတင် အမဲရှာထွက်ဖူးတယ်…

အသွားဆယ်ပေ အပြန်ဆယ်ပေ
နှစ်ရှည်ခရီးကတော့
မညည်းမငြူ ဆယ်စုနှစ် နှစ်ခုကျော်ခဲ့ပြီ

အဲဒီလာနေတဲ့ အလင်းရောင်မြမြက
ထုံးစံအတိုင်း ငါ့ရဲ့ ကျောကို
ရိုက်နှက်ဟစ်ကြွေးမဲ့ လူတအုပ်ရဲ့ လမ်းပြမီးလား…

အမှန်တရား


နဲနဲပါးပါးနားလည်ပြီး
ဆေးလိပ်မီးပေးမဲ့ လူလား၊၊

မမှိတ်မသုန်ငေး
ခပ်လေးလေးလာတဲ့ အလင်းဆီ
ဒီနေ့ဟာ
ဘယ်နှစ်ရာမြောက် လကွယ်နေ့ဆိုတာလဲ
ငါ နံရံမှာ တချက်ပြန်ရေမိတယ်…။

Happy Birthday Ko Min Ko Naing (18-10-2011)

Friday, October 14, 2011

အချစ်ဦး

အချစ်ဆိုတာ သိပ်တန်ခိုးကြီးမှန်း သိပါတယ်၊ ဒါပေမယ့် အချစ်ဦးဆိုတာကို အမှုမဲ့ အမှတ်မဲ့နဲ့ပဲ… ပျိုနုစဉ်ဘဝမှာ ပြဿနာအရပ်ရပ်… စာမေးပွဲအထပ်ထပ်တွေ နပမ်းလုံးရင်း မေ့လျော့နေခဲ့တာ… ရှိမှန်းတောင် မသိတော့တာ..........

ထုံးစံအတိုင်း ဖြစ်လေ့ရှိကြတဲ့အတိုင်းပေါ့… အိုမင်းမစွမ်း စဖြစ်လာတော့ တခါ တခါ ငယ်ဘဝတွေ ဟိုတွေးဒီတွေး ဟိုပြော ဒီပြောနဲ့ အချစ်ဦးဆိုတာကို စဉ်းစားမိရုံတောင်မက ရင်ထဲမှာ သတိရမှု ထုထည်ကြီးကြီးမားမား ခံစားသိလိုက်တော့ ကိုယ့်ကိုကိုယ် လန့်မိတယ်…။ ကိုယ်ကရော လွမ်းတယ်ပြောခွင့် ရှိမလား...

မင်းသိရဲ့လား… တကယ်လို့များ သိခဲ့ရင် ကိုယ် တောင်းပန်ချင်တယ်…။
ကိုယ်နုပျိုမှုရဲ့ မာန်မာန အတ္တတချို့ ကွာအကျမှာ မင်း ကိုယ့်ရင်ထဲမှာ ခိုင်ခိုင်မာမာရှိနေမှန်း မြင်လိုက်ရပြီ်း သန့်သန့်ရှင်းရှင်း လွမ်းမိတယ် နွယ်...

....................II....................

တရက် သူငယ်ချင်းအိမ်မှာ ပါတီလုပ်တော့ ထုံးစံအတိုင်း ပျော်ပါးကခုန်ကြရင်း လေးနှစ်ဘဲရှိသေးတဲ့ သူငယ်ချင်းရဲ့သမီးလေးက ခေတ်ပေါ်မြန်မာအချစ်သီချင်း တပိုဒ်ကို အမူအယာ အသံနေ အသံထားနဲ့ အမှတ်တမဲ့ ဆိုလိုက်တော့ အားလုံးက ပထမ သူ့ကို ကြောင်ပြီး ကြည့်နေကြတယ်…။ ပြီးတော့မှ အားရပါးရ ဝိုင်းရီပြီး သူ့ကို နောက်ကြတယ်၊ သူကတော့ စိတ်မဆိုးတတ်သေးဘူး… ရှက်နေရဲ့..။ နော်ဝေးက ခဏလာလည်တဲ့ သူငယ်ချင်းမလေးက ကလေးကို ကြင်ကြင်နာနာပွေ့ဖက်ရင်း သူ့မှာလဲ အချစ်ရှိတယ်… သူ့မှာလဲ အချစ်ရှိမှာပဲ… ဘယ်သူ့မှာ မဆို အချစ်ရှိတာဘဲလို့ လေးလေးနက်နက် ဝင်ပြောနေတာကို ကိုယ် ခဏခဏ သတိရမိတယ်...။ ဒါရော အချစ်ပဲလား… ဒါမှမဟုတ် ကိုယ် မင်းကိုပါ ရောပြီး စဉ်းစားနေမိလား… ကိုယ့်ရဲ့ မသိစိတ်တွေက ကိုယ် မသိအောင် အလုပ်လုပ်တတ်ကြတယ်…။ ကိုယ့်ပြဿနာက ကိုယ့်ကိုကိုယ် မကြာခဏ ကိုယ်မသိပဲ ကျန်ရစ်တဲ့ ပြဿနာပါ…

....................II....................

တကယ်တော့ မင်းဟာ ကိုယ့်အချစ်ဦးဆိုတာ ကိုယ်က တဖက်သတ်ပဲ ပြောခွင့်ရှိတာပါ… အဲဒီပြောခွင့်ရှိတာကိုပဲ ကိုယ် ဒီဘဝအတွက် သိပ်ကျေနပ်တဲ့ မှတ်မှတ်ရရ တခုပါ... ဒုက္ခပင်လယ်တွေ ဝေတဲ့အချိန် ကူးဖြတ်နေရတုံး မမျှော်လင့်ပဲ မင်းကို လမ်းမှာ ပြန်တွေ့တာမဟုတ်ဘဲ ရင်နဲ့ ဆုပ်ကိုင်မိတာ ပြောပြဦးမယ်…

တကယ်တော့ ကိုယ်လည်း တချို့ကိစ္ခတွေ ကိုယ့်ဖာသာ အရွယ်နှောင်းမှ ရှာတွေ့တာ… မင်းကို ကိုယ့်ရင်ထဲမှာ ရုတ်တရက် တွေ့လိုက်ရတာပါ နွယ် ရယ်…

တည ကိုယ်အရမ်းမူးသွားတယ်… အဲဒီညက တချို့ငွေကိစ္ခတွေလဲ လုပ်မိတယ်ထင်ရဲ့… နောက်ရက်တွေမှာ ကိုယ့်ငွေလွှဲငွေပြောင်းကိစ္ခတွေ အင်တာနက်ကနေ အလုပ်လုပ်တော့ ကိုယ် သောက်ကျိုးတော့နည်းပြီ ဆိုပြီး ပူထူသွားတယ်။ ကိုယ့်မှာ နောက်ဆုံးအချိန်မှ ငွေလွှဲရမဲ့ အရေးထဲ ဘဏ်က မေးခွန်းမေးလာတယ်။ မင်းရဲ့ပထမ ရီးစား နံမယ် ပြောပါတဲ့… ကိုယ် ဒီကိစ္ခကို လုံးဝမသိတော့ဘူး… ဒီကဘဏ်စနစ်တွေမှာ ငွေကိစ္စ အလွှဲအပြောင်းလုပ်ရင် လုံခြုံရေးအတွက် အမေးနဲ့အဖြေတွေ… သူ့ဘဏ်စနစ်ထဲ ထည့်ထားပေးရတယ်၊ ကိုယ်က မူးနေတုန်း သွားလုပ်မိတာဆိုတော့ အဲဒါလုပ်တာတောင် နောက်နေ့ ကိုယ့် ဖာသာ မမှတ်မိ… ဆိုးပါ့...

အဲဒီမေးခွန်းကို ကိုယ် ဘယ်လိုဖြေရမလဲ… ဘယ်လိုမှ မစဉ်းစားတတ်ဘူး။ ကိုယ် ဝိုင်တခွက်သောက်ရင်း စဉ်းစားကြည့်ပြီး တကယ်ပြောရကြေးဆို ငါ စ ချစ်ဖူးတာ သူပဲ ထင်တယ်…။ ငါ မူးနေတဲ့နေ့ တုန်းက သူ့နံမယ်များ ပေးလိုက်မိလား မသိဘူးဆိုပြီး ကိုယ် မင်းနာမည်လေး သုံးလုံးကို ရင်တမမနဲ့ ရိုက်ချကြည့်တော့ ကိုယ့်ရဲ့ ဘဏ်အကောင့်ဟာ ကိုယ့်ကို ဝင်ခွင့်ပေးလိုက်တယ်။ ကိုယ်လဲ အကျဉ်းကြပ်ထဲက လွတ်ပြီး ပျော်တာ တကယ်ဘဲ။ အမှန်တိုင်း ဝန်ခံရရင် မင်းကို သတိရတာထက် အဲဒီအချိန်တုံးက ပျော်သွားတာက ပိုပါတယ်။ ကျေးဇူးတော့ လှမ်းတင်လိုက်တယ်…။ နွယ်နွယ် ကယ်ပေလို့ ဆိုပြီး…

ဒါတွေပြောနေတာ ကိုယ် မင်းကို ဝန်ခံတာမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ရှာဖွေ တွေ့ရှိသွားတာပါ နွယ်။ ကိုယ် တနေမှာများ မေးခွင့်ရခဲ့ရင် မင်းကိုကိုယ့် ရင်ထဲမှာ အချစ်ဦးဖြစ်ခဲ့တာ နဲနဲလေးရိပ်မိလားလို့ မေးမယ်။ ကိုယ့်ထက် မင်းဟာ မှတ်ဥာဏ်ကောင်းတယ်…။ လူကြီးတယောက်လို လျှို့ဝှက် နားလည်နေတတ်တယ်၊ ကိုယ် မင်းအကြောင်းပြန်တွေးမိရင် သတိရခြင်းလိပ်ပြာတွေက ကောင်းကင်တခုလုံး ပလူပျံနေသလိုဘဲ နွယ်…

....................II....................

ကိုယ် သုံးတန်းအောင်ပြီးတော့ အမေက ရန်ကုန်ဥခွံထဲကနေ အပြင်ကို ခေါ်ထုတ်ပြတယ်။ မေမေ ကြီးပြင်းခဲ့တဲ့ မန်းမြို့တော်မှာ ကိုယ်မြင်းလှည်းတွေကို သိပ်သဘောကျတယ်။ နောက်ပြီး ကိုယ် ခုထိမှတ်မိတယ်၊ မေမေက ဝင်းလိုက်ရုပ်ရှင်ရုံဘေးက သူငယ်ငယ်ထဲက စားနေကြ အပျိုကြီးညီအမ ရောင်းတဲ့ မန္တလေး မုန့်တီ ဝယ်ကျွေးတော့ ကိုယ်လဲ စားကောင်းကောင်းနဲ့ မေမေ့ကို မော့ကြည့်ရင်း မေမေ ထပ်ထည့်လို့ ရဦးမလား မေးလိုက် စားလိုက်နဲ့ ခုနစ်ပန်းကန် ကုန်သွားတယ်။ မန္တလေးမှာ နှစ်ရက် သုံးရက်လည်ပြီး ကိုယ်တို့ မိသားစု ဂျစ်ကားလေးနဲ့ မေမြို့တက်ခဲ့တယ်။ အဲဒီတုံးက မန္တလေး မေမြို့ကြား ဂျစ်ကားလေးတွေပဲ ရောင်စုံအသင်းဖွဲ့ ဆွဲကြတယ်။ မှတ်မှတ်ရရ လူထုမေတ္တာအသင်းက အဖြူရောင်လေးတွေ၊ စိန် က ခပ်နွမ်းနွမ်း အစိမ်းရောင်၊ ကားပြာအသင်းက အပြာလွင်လွင်…။ မင်းတို့အိမ်မှာ လူထုမေတ္တာအသင်းဝင်ဟောင်း ဂျစ်ကားဖြူလေးတစီး ရှိတယ်။ အန်ကယ်က ကိုယ်တို့ကို လိုက်ပို့တော့ လက်အိပ်လေးစွပ်ပြီး ကားမောင်းတာ ရန်ကုန်က ကိုယ့်အတွက် အထူးအဆန်းဖြစ်နေတယ်။

....................II....................

ကိုယ် မေမြို့အတက်လမ်း တောင်တန်းတွေကြားကို သိပ်သဘောကျပြီး ပျော်တယ်။ ကိုယ့်ဘဝက တောင်ပြာတန်းနဲ့ တသက်လုံး ပတ်သက်တော့မှာ ကြိုမသိပေမဲ့ အဲဒီတောင်တန်းတွေက ကိုယ့်သွေးကြောတွေထဲ စီးဝင်လန်းဆန်းလွန်းတယ်။ မေမြို့ဝင်တာနဲ့ ကြိုဆိုလိုက်တဲ့ ယူကလစ်နဲ့ ထင်းရှူး ရောထားတဲ့ ရနံက ကိုယ့်ဘဝ တလျှောက် အတပ်မက်ဆုံး ရနံ့တွေ ဖြစ်သွားခဲ့တယ်။ မင်းတို့အိမ်ရဲ့ ဆင်ဝင်အောက်မှာ ကိုယ်တို့ ဂျစ်ကားပေါ်က အထုပ်တွေချတော့ မင်းတို့က သိပ်လိမ္မာတယ်။ ကိုယ်တို့ကို ဝိုင်းကူညီကြတယ်။

လူကြီးတွေမိတ်ဆက်ပေးလို့ မင်းနဲ့ ကိုယ် သူငယ်ချင်း စဖြစ်တဲ့ ညနေခင်းကို ဘယ်တော့မှ မမေ့ပါဘူး။ မင်းလဲ ကိုယ့်ကို သတိရနေတာသိရလို့ကိုယ်ပြန်တွေးတိုင်း ငယ်ငယ်ကလို ပြုံးဖြစ်ပါသေးတယ် နွယ်...

မေမြို့ညနေခင်းရဲ့ အအေးဓါတ်က ကိုယ့် ညီမလေးနဲ့ မင်း ညီမလေးကို အိမ်ထဲ ပြန်သွင်းလိုက်တယ်။ အဆော့သန်တဲ့ ကိုယ်နဲ့ မင်း နှစ်ယောက်ပဲ ရှမ်းတောင်တန်းရဲ့ ညနေခင်းကို အားရပါးရ နှုတ်ဆက်ရင်း ရှူမငြီး ဖြစ်နေတယ်လေ။ ကိုယ်က မင်းကို ခဏခဏ ခိုးကြည့်မိတယ်။ နေဝင်ဆည်းဆာဆိုတာ အကျည်းတန်သူတွေတောင် လှတယ်ဆိုတော့ မင်းရဲ့နုပျိုလှပတဲ့ မျက်နှာမှာ ကိုယ်ရူးတတ်သွားတာ… သဘာဝကျကျ ဘာမှမလွန်ပါဘူး နွယ်ရယ်… နော်....

အဲဒီရင်ခုန်မှုက ကိုယ့်ဘဝမှာ ပထမဆုံးဆိုတော့ ကိုယ် ဘယ်လိုမှ မနေတတ်ဘူး…။ ကိုယ် အရမ်းရီချင်တယ်။ ကိုယ်က ခြံထဲက ထီးထီးကြီးနဲ့ လူ ဆယ်ယောက်ဖက်စာလောက် ကြီးတဲ့ သစ်ပင်မြင့်ကြီးဖက် အမြန်လှည့်ပြီး မင်းကို ကျောခိုင်း ရီနေရတယ်။ ပြီးတော့ ဘာပင်လဲ ဘာလဲပေါ့လေ…။ ပြန်ပြောရင် အခုလည်း တို့တွေ ပြန်ရီဖြစ်မှာပါ နွယ်… နောက်တခုက တို့နှစ်ယောက်ရဲ့ အထိမ်းအမှတ် အဲဒီသစ်ပင်ကြီးက မင်းတို့ မြို့ရဲ့အကြီးတန်းနဲ့ အလှဆုံးစာရင်းတွေထဲ ပါတယ်ဆိုတော့ ကိုယ် ဂုဏ်ယူရမှာပေါ့။

ဒီလိုနဲ့ အတူဆော့တဲ့ နာရီတွေများလာတော့ ကိုယ်တို့ရဲ့ ရင်းနှီးမှုက အရှိန်ပိုများလာတယ်။ မင်းကလည်း ကိုယ့်ကို နပန်းလုံးနိုင်အောင် အဆော့သန်တယ်။ ပြီးတော့ စာအကြောင်းတွေ ပြောကြ၊ အသက်တွေ မေးကြပေါ့…။ ကိုယ် အမြဲမှတ်မိပါတယ်။ ငါ ညနေက နင်နဲ့စကားပြောရင်း ရှက်ပြီး အရမ်းရီချင်လာတယ်ဟာ… အဲဒါ သစ်ပင်ကြီးဖက်လှည့်ပြီး ရီနေရတယ် လို့ ပြောတော့ နင်က ငါသိသားပဲ တဲ့… ကိုယ်လဲ အံဩပြီး နင်က နောက်ကျောဖက်ကနေပြီး ဘယ်လိုသိလဲ လို့ မေးတော့ မင်းက ခပ်အေးအေးပဲ… သိတာပေါ့ နင့်ပါးကြီးတွေက ဖောင်းနေတာကိုး… တဲ့…

....................II....................

ကိုယ်တို့ မနက်အိပ်ယာထတော့ မင်းက နိုးနှင့်နေပြီ။ မင်းရဲ့အပြုံးလေးက မေမြို့နံနက်ခင်းအေးအေးလေးပေါ့။ ဟုတ်တယ်နော်… ကိုယ်တို့မနက်စာစားပြီး ကန်တော်ကြီးသွားလည်ဖို့ မြင်းလှည်းစောင့်ရင်း ကိုယ်ကြည့်ချင်လို့ မင်းရဲ့အယ်ဇေးရှင်းခွေးကြီးတွေ လိုက်ပြတယ်၊ အငယ်လေးကို မင်း အပြင်ကနေ လှမ်းမတ်တတ်ရပ်ခိုင်းတော့ ကိုယ်ကလဲ ခေါင်းပွတ်ကြည့်ပြီး သဘောတွေကျ၊ ကိုယ်က အမကြီးကိုကော သွားကိုင်ကြည့်လို့ ရသလား မေးတော့ မင်းက ခွေးကြီးကို လှမ်းမတ်တပ်ရပ်ခိုင်းပြီး ငါမကိုင်ရဲဘူး ငါလည်း ကြောက်တယ် လို့ပြောတယ်၊

ကိုယ်တို့နှစ်ယောက်ရဲ့အရပ်က ခွေးကြီးရဲ့ရင်ဘတ်လောက်ပဲ ရှိတာကို… ဘာပြောပြော ကိုယ်အဲဒီတုံးက မင်းပြောလိုက်တဲ့ ငါလည်း ကြောက်တယ်ဆိုတာ ဘာလို့မှန်းမသိဘူး… မှတ်မိ သဘောကျနေတယ်၊ မိန်းမဆိုတာ ကြောက်တတ် ဆင်ခြင်တတ်တာ ကောင်းပါတယ် နွယ်…။ မကြာဘူး မြင်းလှည်းနဲ့ ကိုယ်တို့မိသားစုသုံးယောက် မင်းတို့ညီအမနှစ်ယောက် ကန်တော်ကြီးထဲ သွားလည်ကြတယ်…။ မှတ်မှတ်ရရ မင်းနဲ့မင်းညီမလေးက အနွေးထည်ဆင်တူ ဝတ်ထားကြတယ်…။ ကိုယ့်အတွက်ကတော့ ရှမ်းတောင်တန်းကြီးရယ် မရေတွတ်နိုင်တဲ့ ပန်းမျိုးစုံရယ်၊ မြက်ခင်းပြင် အနိမ့်အမြင့်တွေကြားမှာ မင်းနဲ့ ပြေးလိုက် လွှားလိုက် စကားပြောလိုက်နဲ့ ဘဝဆိုတာ စပြီး ခံစား ထိတွေ့မိတဲ့နေ့ ဖြစ်မယ်နော်။ ကိုယ်က ရေလည်ကျွန်းလေးက မှန်စည်စေတီလေးနဲ့ ဓါတ်ပုံရိုက်တော့ မင်းက လိုက်ပြောင် စတယ်။ ဒီတခါတော့ ကိုယ် အရယ်မသန်တော့ဘူး၊ ယဉ်ပါးသွားပြီ… အချစ်နဲ့ ယဉ်ပါးသွားပြီ ဆိုပါစို့…။ မှတ်မိတယ်… ကိုယ်က ကျားတွေ၊ ကျားသစ်တွေ စိတ်ဝင်စားတော့ မင်းက ကျားသစ်ပေါက်လေးနှစ်ကောင် မင်းတို့ အိမ်နားက အကွေ့လေးမှာ မြင်ဘူးတယ်ဆိုပြီး အတည်ကြီးနဲ့ ပြောတယ် ကိုယ်ကလည်း အဲဒီတုံးက ယုံလို့…

....................II....................

ဘဝမှာ အချစ်ဆိုတာ စတွေ့တော့ ဟန်ဆောင်မရပဲ ရယ်မိတယ်… အလွမ်းဆိုတာကို ရှမ်းရိုးမပေါ်က ဂျစ်ကားလေးနဲ့ မေမြို့ကို ကျောအခိုင်း တောင်ပေါ်က စဆင်းတော့ အမေ မမြင်အောင် ငါ မျက်ရည်စတွေ မကြာခဏ သုတ်နေရတယ် နွယ်…။ ရန်ကုန် ပြန်ရောက်တော့လဲ ငါ နင့်ကို လွမ်းတယ်….။ ငါ မှတ်မိသေးတယ်… ငါ ညကျ အိပ်မရဘူး…။ ငါ့ အထိန်းတော် မသန်းညွန့်ကို ပြောပြတော့ သူကလည်း စာပေးတာ ကောင်းကြောင်း ထောက်ခံတော့ ငါက စာတွေရေးလိုက်၊ မကြိုက်လို့ ခဲဖျက်နဲ့ဖျက်လိုက်… စာကြည့်ခန်းထဲမှာ အတော်ညနက်သွားကြတယ်၊ တကယ်ဆို အဲဒီမေတ္တာ စာဟာ ငါ့ဘဝရဲ့ပထမဦးဆုံး စာပါ။

ငါ အဲဒီစာလေးကို စာတိုက်ပုံးထဲထည့်ပြီး ပြန်အလာ ခြေလှမ်းတွေက ပျံကြွလို့ပေါ့ နွယ်ရယ်…
ငါ ထင်တယ်… ငါ့ရဲ့ရေလယ်ကျွန်းက ဓါတ်ပုံလေးပါ ထည့်ပေးလိုက်သေးတယ် ထင်မိနေတယ်…။ ငါ အချစ်ဝတ္ထုတွေ အဲဒီတုံးက စ ဖတ်တတ်သွားတာပဲ နွယ်ရယ်… ဝတ္ထုထဲကလို စိတ်ကူးယဉ်တတ်ပြီ… ချစ်သူဆီက ပြန်စာကို အချစ်သီချင်းတွေ နားထောင်ရင်း စိတ်စောတတ်နေပြီလေ...

....................II....................

ငါသိပါတယ်… နင် စာရရခြင်း ဝမ်းသာအားရ ပြန်လိုက်တာကို… စာက တပတ်တောင် စွန်းစွန်းပဲ ကျော်တယ်။ ဘာပြောပြော ဒီစာလေးက ငါ့ဘဝမှာ အမှတ်တရ…။ နင်က လူကြီးလေးလိုပဲ… ငါ့အမေနဲ့ ညီမလေးကိုလည်း သတိရကြောင်း၊ စာကျက်ဖို့အကြောင်းတွေ ပါတယ်။ ငါ့ရဲ့ မေတ္တာစာကိုလည်း အရွယ်နဲ့မလိုက်အောင် ရင့်ကျက်မှူနဲ့ ဆိုင်းငံထားတယ်၊ ငါနင့်လက်ရေး ဝိုင်းဝိုင်းလှလှကြီးတွေကို ဖတ်လို့ မဝ ပျော်လို့ မဆုံးပေါ့… နင့် ပြန်စာကို ငါ အတိအကျ မှတ်မိပါတယ် နွယ်ရယ်…

သော်ဦး…
ငါ နင့်စာရတာ ဝမ်းသာတယ်၊ ဒါပေမဲ့ နင့် လက်ရေးတွေ ငါဖတ်လို့မရဘူး၊ နောက်တခါ ဖတ်လို့ရအောင် ရေးပါ... အစချီပြီး တို့မိသားစုကို သတိရကြောင်း၊ ဘာညာပေါ့... ငါလည်း အဲဒီကစပြီး နင့်ကို ရီးစားစာပေးတဲ့ လုပ်ငန်း သူ့အလိုလို ရပ်ဆိုင်းသွားရတာပေါ့…

....................II....................

တောင်းပန်ခန်းတော့ ရောက်ပြီပေါ့ကွယ်… တကယ်တမ်း ငါ လေးတန်းမှာရော ငါးတန်းမှာပါ မေမြို့ကို နွေရာသီတိုင်း ရောက်တယ်…။ အမေ မပါတော့ ငါနင်တို့အိမ် မဝင်ရဲဘူးဟ…။ ငါ့အမဝမ်းကွဲတွေနဲ့ပဲ နင်တို့အိမ်ရှေ့က စက်ဘီးဖြတ်စီးပြီး နွယ်နွယ့်ကို ချစ်တယ် လို့ အော်ပေါ့။ နင့်ခြံက ကျယ်လွန်းတော့ နင်လဲ ကြားမှာ မဟုတ်ပါဘူး၊၊ ခြောက်တန်းဖြေပြီးတဲ့နှစ် နွေရာသီကျ အမေတို့ပါ ပါတယ်၊ ငါ့ကို မန္တလေးမှာ ပြိုင်ဘီးလေး ဝယ်ပေးတယ်။ ငါက မေမြို့မှာ တစင်းတည်းသော ပြိုင်ဘီးနဲ့မျက်နှာပွင့်လို့ပေါ့။ နောက်တော့ တည်းတဲ့အိမ်မှာ ငါနဲ့အသက်ရွယ်တူ ညီအမတွေရယ်၊ သူတို့သူငယ်ချင်းကောင်မလေးတွေရယ် ပြီးတော့ အဖော်ပိုဖြစ်သွားတာ ဂစ်တာတီး၊ သီချင်းဆို ခရစ္ခမတ်ကပွဲတွေက ငါ့ကိုပိုစွဲဆောင်တယ် နွယ်…။

ငါ မှတ်မိတယ်… ငါတို့မိသားစုရယ်၊ ငါ့သူငယ်ချင်း ကောင်မလေးတွေရယ် မြင်းလှည်းတစင်း… စက်ဘီးသုံးလေးစင်းနဲ့ မင်းတို့အိမ်ကို လာလည်တော့ ငါ မင်းကို သူငယ်ချင်းဟောင်း တယောက်လိုပဲ ဆက်ဆံမိတယ်။ ငါ အခုထိ စိတ်မကောင်းဘူး၊ တောင်းပန်ပါတယ် နွယ်…
ငါ တကယ်ပါ... ဟုတ် မဟုတ်တော့ မသိဘူး… နင့် အတန်းဖော် ငါ့သူငယ်ချင်းအသစ် ကောင်မလေးက ပြောတယ်…။ နင့်ကို ကျောင်းမှာ ကောင်လေးတွေ ကြိုက်ကြပေမဲ့ နင်က ဘယ်သူ့မှ စိတ်မဝင်စားဘူး၊ နင့်မှာ ရီးစားရှိတယ်… အဲဒီရီးစားက ရန်ကုန်က တဲ့။ နင်ပြောပုံအရဆို ငါ့ကိုပြောတာ ဖြစ်နိုင်တယ်လို့ သူပြောတော့ ငါ နဲနဲတော့ တွေသွားသေးတယ် နွယ်...။

တခုတော့ရှိတယ်… ငါတို့ညဖက် ကန်တော်ကြီးမှာ ငါးလာမျှားရင်၊ မင်းတို့မိသားစုတွေ အပြင်ထွက် လမ်းရှောက်ရင် ငါလှမ်းလှမ်းငေးကြည့်တယ် နွယ်… ပိုးဇာခြံဖက် တလျှောတ် အမဲလိုက် ငှက်ပစ်ရင် ငါ နင်တို့ အိမ်နောက်ဖက် တောင်ကုန်းကြီးပေါ်ကနေ နင့်ကိုများ တွေ့မလား လှမ်း လှမ်း မျှော်ကြည့်တယ်။ တခါက မှောင်ပျိုးမှာ ပြေးဆော့နေကြတာ တယောက်ကို နင်ဆိုပြီး ငါးမျှားရင်း လှမ်းနှောက်တာ… နင့်မေမေလို့ မြို့ခံအဖော်ကပြောမှ ဇက်အသာ ပြန်ပုရသေးတယ်.......

....................II....................

ဒီလိုနဲ့ ငါလည်း မေမြို့သူ ရီးစားတချို့ ရလိုက် ပျောက်လိုက်… ငါ ခုနှစ်တန်းအောင်တော့ ငါ့ရန်ကုန်က ရီးစားက ဗိုလ်တထောင်တက္ကသိုလ်မှာ ပထမနှစ်…။ ကြုံတုံး ကြွားတာပေါ့ နွယ်ရယ်... နောက်ပိုင်း ငါလည်း မေမြို့အရောက်နဲသွားပြီ၊ ခုနှစ်တန်း၊ ရှစ်တန်းမှာ ပြိုင်ဘီးသရဲ၊ လမ်းသရဲ လုပ်နေခဲ့တယ်။ ရှစ်တန်း ကိုးတန်းမှာ ရေကူးသရဲ… မြန်မာပြည် တံခွန်စိုက်ဆုရတယ်။ နင် တီဗီထဲမှာ ငါ့ကို ဘယ်မှတ်မိမှာလဲနော်… ဒီလိုပါပဲ…

ငယ်ငယ် လူမှန်းသိကထဲက စက်ဘီးပြိုင်လိုက်၊ ရေကူးပြိုင်လိုက်… လူလားမြောက်တော့ ကားပြိုင်လိုက်… မခံချင်တော့.... ငွေမရှိ အတွေ့အကြုံမရှိပဲ လက်နက်မဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး စစ်ပါပြိုင်တိုက်ကြရင်း ငါထောင်ကထွက်လာတော့ ပထမဆုံး ပြည်တွင်းခရီးစဉ်က ငါ့အချစ်ဆုံးမြို့… နင်နေတဲ့ မေမြို့ ပါပဲ နွယ်…

ပထမခရီးမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံပြီး ရန်ကုန်မှာလည်း အလုပ်တွေက ရှုပ်ထွေးနေတယ်။ ဒါပေမဲ့ ငါအားတာနဲ့ ဒုတိယ ခရီးစဉ်ကလဲ မေမြို့ ပါပဲ။ မှတ်မှတ်ရရ ငါ့ဘဝမှာ အားပြန်ယူတိုင်း မေမြို့ဟာ မရှိမဖြစ်ပါ နွယ်... ငါ ထောင်ထဲမှာ ကြာသွားတော့ အပြင်လောကကြီးမှာ အရာရာက ငါ့ကို ဆွဲဆောင်နိုင်စွမ်း ရှိနေတယ်။ ဒီတော့ ငါ သိပ်ချစ်တဲ့ နင့်ရဲ့ မြို့တော်ကြီးက ငါ့အတွက် နတ်ဘုံနတ်နန်းပေါ့ နွယ်ရယ်… အဲဒီနေ့က ဘဝမှာ ခုနှစ်ရောင်စဉ် အပျော်တွေ ရောမွှေတဲ့ နေ့… အဲဒီနေ့က ငါတို့ မေမြို့တမြို့လုံး အနှံ့ ဓါတ်ပုံတွေ လိုက်ရိုက်တယ်…။ ငါ သတိထားမိတာ မေမြို့က အိမ်လေးတွေက အဲဒီအချိန်က ဗမာပြည်မှာ အလှဆုံးစာရင်း ဝင်ဆဲပဲနော်။ တို့ဆိုရင် သူများအိမ်တွေထဲလည်း အော်ခေါ်ကြည့်တယ်…။ လူမထွက်လာရင် ခပ်တည်တည် ခြံတံခါး ဖွင့်ဝင်ပြီး ဓါတ်ပုံရိုက်တယ်…။ ပြီးရင် တံခါးအသာ ပြန်ပိတ်ထားပေးခဲ့တယ်။ ကန်တော်ကြီး ရောတ်တော့ ကိုယ့်ကင်မရာတင်မကတော့ဘူး ကင်မရာသမားတွေပါ ငှားပြီး ရိုက်တယ်။ ကိုယ် ထောင်မကျခင် လေးတန်းကျောင်းသူကထဲက တကောက်ကောက်လိုက်နေတဲ့ ကိုယ့်ဘော်ဒီဂတ်ကလည်း အခု တက္ကသိုလ်ကျောင်းသူကြီး ဖြစ်နေတော့ ပိုအားထားရတာပေါ့…။

ငါလေ ဘဝမှာ သတိမထားမိတဲ့အရာတွေကို တခါတခါ မသိစိတ်က လှုံ့ဆော်ပေးလာတတ်တာ ယုံကြည်သွားပါတယ်… နွယ်…

ငါသိပ်ချစ်တဲ့ ကန်တော်ကြီးမှာ အတားအဆီးမဲ့ မောအောင် လမ်းတွေလျှောက် ထင်းရှူးတောထဲဝင်ပြီး ငါ့ရဲ့လင်းယုန်ငှက်ကြီးတွေ ရှိသေးလား သွားကြည့်… အပြန်မှာ ငါအရမ်းပျော်နေတော့ မင်းအိမ်ကို ဝင်ဖို့ အစီစဉ်ထဲမပါပဲ ငါ ဝင်လိုက်မိတယ်။ အဲဒီကိစ္စက ငါ့ဘဝမှာ ငါ့ဟာငါ နှလုံးသားကို လှေနံဓားထစ်လိုက်တာပဲ နွယ်ရေ…။ ငါခြံထဲကို တက်တက်ကြွကြွဝင်လာပြီး အိမ်အဝင်လမ်းတလျှောက် ပန်းလေးတွေရယ်၊ မင်းအိမ်ကို လှမ်းကြည့်ရင်း စိတ်စောသလို၊ စိတ်လှုပ်ရှားသလို မင်းအကြောင်းတွေ ငါပြန်မြင်နေတယ်။ ငါ အိမ်တခါးဝရောက်တော့ ရင်တွေခုန်နေတယ် သိလား…။ တနေ့လုံး အမှတ်တရ တနေရာရောက်တိုင်း သိသိသာသာ ရင်ခုန်မြန်နေတာ၊ မင်းအိမ်မှာတော့ အမြန်ဆုံး ထင်တယ်။၊

....................II....................

နင်ထွက်လာတော့ ငါက ဝိုင်ဝယ်ချင်လို့ပါ ဆိုတော့ နင်က ရိုရိုသေသေ “ဟုတ်ကဲ့ ဘယ်နှစ်လုံး ယူမလဲ…” တဲ့…။ ငါ ဟန်ဆောင်လို့မရပဲ ပြုံးပြုံးကြီး နှစ်လုံးလား သုံးလုံးလား မှာရင်း စိတ်ထဲမှာ နင်တော်တော်လိမ္မာရေးခြားရှိအောင် စကားပြောတတ်လာပြီ ဆိုပြီး ကျေနပ်လို့ပေါ့ကွယ်…။ ငါက နင့်ကို တချက်ပြုံးကြည့်ရင်း နွယ်နွယ်လား သော်တာလား… လို့ မေးလိုက်တော့ နင့်ရဲ့ ငါ့ဥပဓိကို ရှိန်နေတဲ့ စိတ်က ချက်ချင်းပြန်ပြောင်းသွားပါ့။ နင့်မျက်နှာက ချက်ချင်း ဝင်းလဲ့ပျော်ရွှင်သွားပြီး နွယ်လို့ ဖြေတယ်.. နောက်ပြီး ငါ့ကို အရင်ငယ်ငယ်တုံးက အတိုင်း နင်ဘယ်သူလဲတဲ့… ငါကလဲ ငါ့ကို နင်နဲ့ငါနဲ့ပြောတာလောက် မုန်းတာမရှိဘူး…။ ငါက စဉ်းစားလေ ဆိုတော့ နင်က ငါ့ကို အမှတ်လေးကျောင်းက မဟုတ်လားတဲ့…။ နင့်မျက်နှာကို ငါကောင်းကောင်းသိတယ်တဲ့…။

ငါလဲ ရီလိုက် ပြုံးလိုက်နဲ့ အမေပြောသလိုဆိုရင်တော့ "သားသား နင်က အကျင့်ကို ယုတ်တယ်ပေါ့…"
ငါ နင့်ကို နာမည် မပြောဖူး… အမှန်တော့ နင် ငါ့ကိုကြည့်ပြီး "ငါ နင့်ကို ရင်းရင်းနှီးနှီး သိတယ်…" ပြောတိုင်း ငါစိတ်မကောင်းဘူး။ ငါက နင့်အိမ်ထဲရောက်မှ နင့်ကို နင်တို့ ညီအမထဲက ယောက်ယောက်ဖြစ်မယ်ဆိုတာ သိတာမဟုတ်လား…။

စကားတွေ ဖွဲ့နေတုံး တဖက်တချက်စီကနေ ကလေးမျက်နှာလေး နှစ်ခုက မင်းလုံချည်ကိုဆွဲရင်း ခေါင်းလေးတွေ အသာထုတ်ပြီး ငါ့ကို ကြည့်နေကြတယ်၊ မင်းက စကားဖြတ်ပြီး ခဏနော် ဝိုင်သွားယူပေးမယ် ဆိုတော့ အငယ်မလေးက မင်းလုံချည်ဆွဲပြီး လိုက်သွားတယ်။ သားလေးက သံဘာဂျာတခါးလေးကိုင်ရင်း ငါ့ကို ဆက်စူးစမ်းနေတယ်။ ငါက ဘာဖြစ်လို့ သားက နွယ်နွယ့်သားလား… လို့ မေးမိတာလဲ… မင်းပြန်လာတော့ ကလေးတွေတောင် တော်တော်ကြီးပြီနော် လို့ ပြောဖြစ်တယ်…။

စကားစဖြတ်ရင်း နှုတ်ဆက်ကြတော့ ငါ့မျက်လုံးတွေက မြက်ခင်းပြင်ထဲ ပြောင်းလိုက်ရင်း… ဪ… သစ်ပင်ကြီးတောင် မရှိတော့ဘူး… လို့ ခပ်တိုးတိုး ရေရွတ်မိတော့ မင်းက ပြုံးရင်း ဘယ်တုံးက ဘယ်အကြောင်းနဲ့ ခုတ်ကြောင်း ရှင်းပြနေတယ်။ ငါ ရေရွတ်လိုက်တာ လွမ်းရိပ်တွေ ပါသွားမှာ သေချာပါတယ်။ ရုတ်တရက်ဆိုတော့ သတိမထားမိဘူးလေ...။ ဒါပေမဲ့ ငါအဲဒီနေ့က နင်နဲ့ တွေ့တာ အူမြူးနေတယ်။ ညဖက် ငါ့သူငယ်ချင်းလင်မယားနဲ့ ညလုံးပေါက် စကားပြောတော့လဲ ထည့်ပြောသေးတယ်။ သူတို့ကလည်း ငါနင့်ဝိုင်လေးတွေကို အဖြစ်သည်းပြီး သိမ်းထားမှန်းသိလို့ အကုန်ရအောင် သောက်လိုက်ကြတယ်။ ငါလည်း ကားက မှာထားပြီးသားဆိုတော့ ရန်ကုန်ပြန်လက်ဆောင် နင့်ဆီက ဝိုင်ကို မနက်စောစောပဲ စက်ဘီးထစီးပြီး ထပ်ဝယ်ရတာပေါ့…။

တော်သေးတယ်… နင်နိုးနေပြီ၊ အိမ်ထဲက လက်ဖက်ရေကျိုတဲ့ အနံကသင်းလို့…။ ငါက ဝိုင်ထပ်မှာတော့ နင်က ပြုံးပြုံးပဲ သွားယူပေးတယ်…။ ငါက ဝိုင်လေးတွေ စက်ဘီးရှေ့ခြင်းထဲထည့်… ပြန်အထွက်… နင့်ကို အမှတ်တရ တခါ ပြုံးကြည့်တော့ အကြည့်ချင်း အပြုံးချင်း ဆုံဖြစ်ကြသေးတယ်နော်…။

ငါ နင့်ကို ဖွင့်ပြောမလို့ပါ… ဘယ်သူလည်းဆိုတာ စဉ်းစားလို့ ရပြီလား… လို့ ခပ်တိုးတိုးမေးတော့ နင်က ဘာမှမပြောပဲ ငါ့မျက်လုံးတွေထဲ ပြုံးပြီးကြည့်တယ်…။ နောက်တော့ ခေါင်းအသာလေး ငြိမ့်ပြတယ်…။ ငါက ဘယ်သူလဲပြော… ဆိုတော့ နင့်နှုတ်က တိုးတိုးညင်းညင်းပဲ သော်ဦး... လို့… ထုံးစံအတိုင်း ခပ်အေးအေးပဲ ပြောလိုက်တယ်...။

ငါ့ကိုယ်ငါ မယုံနိုင်ဘူး… ငါ့နားလည်း ငါ ရုတ်တရက် မယုံနိုင်ဘူး နွယ်…။
ကလေးဘဝက နစ်ရက်လောက် ကျွမ်းဝင်ရင်းနှီးပြီး ဆယ့်ငါးနှစ်လောက် မတွေ့တော့ပဲ အခု ပြန်မှတ်မိတာ…။ ငါ့ရဲ့ နှလုံးသားက ဘာမဆို ယုံရတော့မှာပေါ့နော်…။ ခံစားချက်တွေရဲ့အစဟာ သစ်ပင်တပင်လိုပဲ… ရှင်သန်ကြီးထွားနေတာ ငါသိပြီ… ယုံပါပြီ...။ ခြံထဲက မရှိတော့တဲ့ သစ်ပင်ကြီးကို ငါလှမ်းကြည့် လိုက်တဲ့ အခိုက်အတံ့ဟာ နင်ဝေခွဲခက်နေတဲ့ ပုစ္ဆာကို ကူညီဖြေရှင်း ပေးပုံရပါတယ်။ ငါထင်တာပေါ့လေ....

ငါ့ရဲ့ အံဩဝမ်းသာနဲ့ နင် မှတ်မိတယ်နော် လို့ ပြန်အပြောမှာ ငယ်ငယ်ကလိုပဲ ရှက်သွေးတွေက ပါးကို နဲနဲနီသွားစေဦးမလား မသိ…။ ငါပျော်ပြီး နင့် ကို နှုတ်ဆက် ထွက်ခဲ့တယ်။ နင်တို့ အိမ်နဲ့ ခြံတံခါးက အတော်လေး လှမ်းတယ်။ ငါ ခြံဝကို ရောက်တော့ နင်များ ရှိဦးမလားလို့ ကုန်းမြင့်ပေါ်က အိမ်လေးကို ပြန်လှမ်းကြည့် တော့ နင်က သံဘာဂျာတခါးလေးကို ကိုင်ပြီး ငါ့ကိုကြည့်နေတယ်နော်...။ ငါလဲ ဘာလုပ်ရမလဲ မသိပဲ ပြန်ကြည့်နေတယ်…။ အတော်လေးကြာမှ ငါ သတိဝင်ပြီးလက်ဝှေ့ယမ်း နှုတ်ဆက်တယ်။ နင်လဲ လက်ပြန်ဝှေ့ယမ်း နှုတ်ဆက်တယ်…။ ငါတို့နှစ်ယောက်ရဲ့ အကွာအဝေးက လှမ်းခေါ်လို့ မကြားနိုင်တော့ဘူးလေ။ ဘယ်လောက်ကြာကြာ ငါတို့ရပ်ပြီး နှုတ်ဆက်နေလည်း၊ ဘယ်လိုခံစားရလည်း၊ ဘာကိုလည်း ငါမဖော်ပြနိုင်ပေမဲ့ ငါသတိဝင်ပြီး စက်ဘီးပေါ်ပြန်တက် အိမ်ပြန်လာတော့ ငါ အရမ်းလဲ ပျော်တယ်… လွမ်းလဲ လွမ်းတယ်နွယ်...

ငါ အခု အသက်ငါးဆယ်ခရီးဆီ တက်သုတ်ရိုက်ပြေးရင်း ရင်ထဲမှာ ကိုယ့်ဖာသာ ခိုင်ခိုင်မာမာ သတ္တုချနိုင်တာကတော့....
ငါ့ဘဝမှာ မင်းဟာ အချစ်ဦးပါ နွယ်......
ငါသေချာမသိလိုက်ဖူး… ဒါပေမဲ့ ငါချစ်တယ်........


Saturday, August 20, 2011